Change Language

Sunday, May 22, 2016

သူငယ်ချင်း


မောင်နှမအရင်းမဟုတ်ပေမယ့်
ဖြူစင်သန့်ရှင်းစွာနဲ့
ဒို့တွေခင် မင် ခဲ့ကြဖူးတယ်…

လွမ်းစရာ့ဤမြေလွှာမှာ
ဘဝဆိုတဲ့ဘူတာရုံထဲ
မရဏ ရထားလာချိန်ကို ဒို့အတူတူမျှော်ခဲ့ဖူးတယ်…

ဒုက္ခဖိနပ်ကိုအတူတူစီး
ရှုမငြီးတဲ့ အနာဂတ်လမ်းပေါ်မှာ
လဲကျမသွားစေဖို့ ဒို့လက်တွေကမ်းခဲ့ဖူးတယ်…

ဆိုးမိုက်ခြင်းဝတ် ရုံကို ဆင်တူဝတ်လို့
မကြည်ဖြူတဲ့ပတ်ဝန်းကျင် ဆိုတာကြီးကို
ငိုမလိုလိုနဲ့ ဒို့အတူဟားတိုက်ခဲ့ဖူးတယ်…

ပေါက်တတ်ကရ ဘဝအိမ်အိုထဲမှာ
မာန အကာအရံတွေကိုဖြိုဖျက်လို့
ရှုံးနိမ့်ခြင်းမိုးရေစက်တွေထဲ ဒို့အတူအိပ်စက်ခဲ့ဖူးတယ်…

မှောင် မိုက်တဲ့ ဒို့ကမ္ဘာထဲ
ဘယ်သူကမှဝင် မလာရဲပေမယ့်
ဖ ယောင်းတိုင် မီးတစ်လက်နဲ့ဒို့ခင်မင် မှုကိုလင်းလက်စေခဲ့တယ်…

ပြသာနာစစ်တလင်းတွေထက်
ဒို့တွေရဲ့ နှလုံးသားချင်းပူးကပ်လို့
သူငယ်ချင်းဆိုတဲ့တိုင်းပြည်ကိုကာကွယ်ခဲ့ဖူးတယ်…

ဟုတ်တယ် …သူငယ်ချင်း…
နေရပ်မတူ
ဒေသကကွဲ
ဇာတိမြေလည်းလွဲခဲ့ကြပေမယ့်
အသည်းနင့်နင့် ခင် ခဲ့ဖူးတယ်…

အကျိုးအမြတ်လည်းမတွက်
အနိုင် အရှုံးလည်းမပါ
စေတနာသက်သက် ရစ်ပတ်ခဲ့တဲ့သံယောဇဉ်တွေကို
ငါ ဘယ်လိုခေါင်းစဉ်တပ် ရမှာပါလိမ့်………??????

ဆောင်းအကုန် နွေအကူး
မိုးစက်တွေလည်းမြူးခဲ့ပြီ…

ရာသီတွေအလီလီပြောင်း
အမှတ်တရ နေ့ရက်တွေလည်းဟောင်းခဲ့ပြီ…

ဒါပေမယ့်
သူငယ်ချင်းဆိုတဲ့ခင်မင်မှုကတော့
ယနေ့တိုင်……
ယနေ့တိုင်……
ယနေ့တိုင်…………………။

No comments:

Post a Comment